| ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ခရီးသွားဝင်ရောက်မှုစာရင်း၌ တရုတ်လူမျိုးဦးရေကို ကျော်လွန်ကာ ဂျပန်ခရီးသွားများက ဒုတိယနေရာသို့ ရောက်ရှိ |
| Wednesday, 10 October 2012 10:46 | ||||||||||||||||||||||
|
အောက်တိုဘာလ ၉ရက်နေ့ ညပိုင်းက ရွှေတိဂုံစေတီတော်ကို လာရောက်လေ့လာနေကြည်သည့် ဂျပန်ခရီးသွားများကို တွေ့ရစဉ်
မြန်မာနိုင်ငံသို့ ခရီးသွားဧည့်သည်များ လာရောက်ရာတွင် အဓိက၀င်ပေါက်ဖြစ်သော ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ခရီးသွားဝင်ရောက်မှု၌ တရုတ်လူမျိုးခရီးသွားဦးရေကို ကျော်လွန်ကာ ဂျပန်ခရီးသွားများက ဒုတိယနေရာသို့ ရောက်ရှိ လာကြောင်း သတင်းရရှိပါသည်။ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလမှ စက်တင်ဘာလကုန်ပိုင်းအထိ ရန်ကုန်ဝင်ပေါက်မှ ခရီးသွားဝင်ရောက်မှုတွင် ထိုင်းလူမျိုးခရီးသွားဦးရေသည် နှစ်စဉ်ကဲ့သို့ပင် ထိပ်ဆုံးမှ ဦးဆောင်နေပြီး ယခင် ဒုတိယနေရာတွင် ရပ်တည်လေ့ရှိသော တရုတ်လူ မျိုး ခရီးသွားဦးရေကို ကျော်လွန်ကာ ဂျပန်လူမျိုးခရီးသွားဝင်ရောက်မှုက ဒုတိယနေရာသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရှိရသည်။ ''ဂျပန်ခရီးသွားတက်လာတာက tourist နဲ့ စီးပွားရေးကိစ္စနဲ့လာတဲ့ ခရီးသွားဆိုပြီးရှိတဲ့နေရာမှာ စီးပွားရေးကိစ္စနဲ့လာတဲ့ ခရီးသွားကပိုများတယ်။ ဘာကြောင့်လဲဆိုတော့ ODA(Official Development Assistance) ကို ဖွင့်လိုက်တော့ ဒီလို တက်လာတာပေါ့။INGO တွေ၊ ကုမ္ပဏီတွေက အဖွဲ့တွေက ဘာတွေလုပ်လို့ရနိုင်မလဲဆိုပြီး လာကြည့်ကြတာများပါတယ်''ဟု Nature Lovers ခရီးသွားကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးအောင်ဒင်က ပြောကြားသည်။
မန္တလေးရှိ ကုသိုလ်တော်ဘုရားသို့ လာရောက်သော အာရှခရီးသွားအချို့ကို တွေ့ရစဉ် ဓာတ်ပုံ-သက်ထွန်းအောင်
ဇန်န၀ါရီလမှ စက်တင်ဘာလကုန်ပိုင်းအထိ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနမှ ရရှိသော စာရင်းများအရ ဒေသစုံမှ ခရီးသွားဝင်ရောက်မှု၌ ထိုင်းမှ ဦးရေ ၆၁၀၀၀ ကျော်၊ ဂျပန်မှ ၃၁၀၀၀ ကျော်၊ တရုတ်မှ ၂၈၀၀၀ ကျော်၊ ကိုရီးယားမှ ၂၃၀၀၀ ခန့်၊ အမေရိကမှ ၂၂၀၀၀ ကျော်၊ မလေးရှားမှ ၂၀၀၀၀ ကျော်၊ ပြင်သစ်မှ ၁၇၀၀၀ ကျော်၊ စင်ကာပူမှ ၁၆၀၀၀ ကျော်၊ ဂျာမနီမှ ၁၁၀၀၀ ကျော် စသည်ဖြင့် ၀င်ရောက်မှုရှိခဲ့သည်။ ''အခုကတော့ အာရှကလည်းများလာတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေဖြစ်လို့ ဂျပန်တို့၊ ကိုရီးယားတို့လည်း များလာတယ်။ ထိုင်းတွေ၊ စင်ကာပူတွေလည်းများလာတယ်''ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းမှ ဒုတိယဥက္ကဋ္ဌ(၁) ဦးသက် လွင်တိုးက ပြောကြားသည်။ ၂၀၁၂ ခုနှစ်အတွင်း နိုင်ငံရေးနယ်ပယ်မှ အပြောင်းအလဲများပေါ်မူတည်ကာ မြန်မာနိုင်ငံအပေါ် ကမ္ဘာတစ်ဝန်းမှ အာရုံစိုက်မှု မြင့်တက်လာခဲ့သည်။ မြန်မာနိုင်ငံသို့ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန် လာရောက်လေ့လာမှုများလည်း မြင့်တက်လာခဲ့ပြီး ယင်းအနက် ဟိုတယ်နှင့်ခရီးသွား ကဏ္ဍအတွက် ဆွေးနွေးမှု ပိုမိုများပြားကြောင်း သိရှိရသည်။ ''ဂျပန်လူမျိုးက အရင်ကတိုင်းပြည်မှာရှိနေတဲ့ ကန့်သတ်ချက်တွေကြောင့် မြန်မာကိုသိပ်မလာကြဘူး။ အခုတော့ အခြေအနေအပြောင်းအလဲပေါ်မူတည်ပြီး သိသိသာသာ တက်လာတယ်''ဟု ဦးအောင်ဒင်က ပြောပြသည်။ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် နိုင်ငံတကာမှ စိတ်ဝင်စားမှုရှိနေရာတွင် ဂျပန်စီးပွားရေးလုပ်ငန်းရှင်များသည် စိတ်ဝင်စားမှုအမြင့်ဆုံး ဖြစ်နေသည်။ All Nippon Airways (ANA) သည်လည်း မကြာမီ တိုက်ရိုက် လေကြောင်းခရီးစဉ်များ စတင် ပျံသန်းတော့မည်ဖြစ်သည်။ ဂျပန်ခရီးသွား ၀င်ရောက်မှုသည် ၁၉၉၇ ခုနှစ်၌ ဦးရေ ၃၄၀၀၀ ဖြင့် အမြင့်ဆုံးဖြစ်ခဲ့ပြီး ယင်းနောက်ပိုင်းတွင် ဂျပန်နိုင်ငံမှ တိုက်ရိုက် လေကြောင်းပြေးဆွဲမှုရပ်ဆိုင်းလိုက်သည့်နောက် ဂျပန်ခရီးသွားဦးရေ လျော့နည်း ကျဆင်းခဲ့သည်ဟု သိရှိရသည်။ ရန်ကုန်ဝင်ပေါက်မှ လအလိုက် ခရီးသွား ၀င်ရောက်မှု (၂၀၁၂)
|
0 comments:
Post a Comment