ဆောမြို့ အရှေ့ ခြမ်းနဲ့ အနောက်ခြမ်းကို ဆက်သွယ်ထားသော ဘေလီတံတားကျိုးကျ
ဆောမြို့နယ် ဆောမြို့မှာ ဆောချောင်းကို ဖြတ်ပြီး ဆောက်လုပ်ထားတဲ့ အထင်ကရ
ဘေလီ သံဘောင်နှစ်ထပ် တံတားဟာ နိုဝင်ဘာလ (၈)ရက်နေ့  မနေ့ည ၉
နာရီဝန်းကျင်တွင် ဖြတ်မောင်း လာသော အုတ်သယ်ကား၏ တန်ပို အလေးချိန်ကို
မခံနိုင်လို့ ကျိုးကျ ပျက်စီးသွားခဲ့ ရပါတယ်။
ဒီတံတားဟာ မ.ဆ.လ ခေတ်မှာ လေယာဉ်ကွင်းနဲ့ အတူ ဆောက်လုပ်ခဲ့တဲ့ တံတားလဲဖြစ်ပါတယ်။ နှစ်ကာလ ကြာမြင့်တာက တကြောင်း ပြုပြင်ထိန်းသိမ်းမှု နည်းတာက တကြောင်းနဲ့ ဆောမြို့ရှိ ယာဉ်ပိုင်ရှင်များ၏ အတန်တဆ ၀န်တွေနဲ့ ဖြတ်မောင်းခြင်းကြောင့် ယိုယွင်း ပျက်စီးလွယ်ခြင်းလို့ ဆိုပါတယ်။
နောက်တစ်ခုက ၂၀၀၆ ခုနှစ်မှာဆော-ကျောက်ထု-ပခုက္ကူလမ်း ပြင်ဆင် မွမ်းမံတုန်းကလည်း ဒီလမ်းပိုင်းမှာရှိတဲ့ ချောင်းတွေကို တံတားထိုးခဲ့ သံဘောင်(အောက်ခြေ ပိုင်တိုင်)တွေနဲ့ ဆောက်လုပ် ခဲ့ပါတယ်။
လမ်းအားလုံး မပြီးစီးခင်မှာ နိုင်ငံတော်အကြီးအကဲ ကိုယ်တိုင် ဖွင့်လှစ်မယ်ဆိုတာနဲ့ မပြီးစီးသေးတဲ့ သံဘောင် တံတားတွေ အတွက် အခုကျိုးပျက်သွားတဲ့ ဆောတံတားမှ သံဘောင်များကို ယူတပ်ဆင်ခဲ့ကြပါတယ်။ ဖွင့်ပွဲပြီး သွားပေမယ့် သံဘောင်တွေတော့ ဆောချောင်းတံတားကို ပြန်လည် တပ်ဆင်မပေးခဲ့ကြပါဘူး။ အဲလိုနဲ့ ဆောက်လုပ်ရေးနဲ့ စည်ပင် လူကြီးများကလည်း မသိလိုက် မသိဘာသာပဲ နေခဲ့ကြတာပါ။ အဲဒါကြောင့်လဲ အခုတံတားကျိုးတဲ့ အထိဖြစ်ရတယ်လို့ ဒေသခံတွေ က ပြောပါတယ်။
ဒီတံတားဟာ မိုးတွင်းကာလမှာ ဆော-ဆိပ်ဖြူလိုင်း၊ဆော-လောင်းရှည်လိုင်း၊ ဆော - မန္တလေးလိုင်းကားများ ဖြတ်သန်းသွားရတဲ့ တံတားဖြစ်ပါတယ်။ ဆောမြို့ အနီးအနား ရွာများဖြစ်တဲ့ သီးကုန်း၊မင်းလယ်နှင့် ဆောမြို့ ရတနာရပ်ကွက်တို့မှ ကျောင်းသားများ ဆောမြို့ အထက်တန်းကျောင်း တက်ဖို့ရန် ဖြတ်သန်းရတဲ့ တံတားလည်းဖြစ်ပါတယ်။
ဆောမြို့နယ်ဟာ ချင်းတောင်ခြေမှာရှိပြီး မိုးများတဲ့ဒေသလို့ ဆိုနိုင်ပါတယ်။ တချို့နှစ်များမှာ ဆောင်းရာသီ ကုန်ခါနီးလောက်ထိ မိုးရွာသွန်းတတ်ပါတယ်။ ဒီတော့ ဒီနှစ်ရာသီ ကျောင်းသားများ စာမေးပွဲဖြေရန် အခက်အခဲတွေ ဖြစ်နိုင်ပါတယ်။ အခုလိုပုံမျိုးမှာ ကျောင်းသားများ ဖြတ်သန်းသွားလာပါကလည်း အန္တရာယ်ကြီးလှပါတယ်။
ဆောမြို့ဟာနယ်မြို့ဖြစ်ပြီး တိုင်းအုပ်ချုပ်ရေးနဲ့လဲဝေးလှတာမို့ ဥပဒေစိုမိုးရေးလည်း ယိုင်နဲ့နေပါတယ်။ တစ်ခုခုဖြစ်ပါက ရဲနဲ့ ငွေပေးအဆင်ပြေ သွားတတ်တာများပါတယ်။ အခုလဲ အုတ် ၇၀၀၀၀ ကျော်တင်လာတဲ့ ကားကိုဘယ်လို ဥပဒေအရ အရေးယူမလဲ ဆိုတာတော့ စိတ်ဝင်စားစရာ ဖြစ်ကြောင်း ဆောမြို့ ခံ တဦးက Myanmar News Now ကို ပြောပါတယ်။
ကားလဲမှောက် တံတားလဲ ကျိုးပျက်သွားပုံ(ဆောမြို့ အနောက်ခြမ်းမှ တွေ့ မြင်ရစဉ်)

0 comments:
Post a Comment