လက်ပန်းတန်းတောင် က ဒေါ်စုမိန့် ခွန်း အပြည့်အစုံ
မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ် ကန့်ကုန်းကျေးရွာတွင် နိုဝင်ဘာလ ၂၉
ရက်နေ့ ညနေ ၆ နာရီခန့်က ပြောကြားခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း
အပြည့် အစုံ။
ကိုယ်လုပ်ချင်သလို လုပ်လို့ မရဘူး။ အများနဲ့ ညီအောင်လို့
အများကောင်းကျိုးအတွက် တစ်ခါတလေ ကိုယ့်ရဲ့ အကျိုးကို အနောက်မှာ ထားပြီးတော့
လုပ်ရတယ်။ အဲဒီလို လုပ်မှသာ တိုးတက်နိုင်မှာ ဖြစ်ပါတယ်။ ဒီဒေသမှာ
ဖြစ်ပေါ်နေတဲ့ အခက်အခဲတွေနဲ့ ပတ်သက်လို့ ကျွန်မတို့ဟာ နိုင်ငံကြီးသား
အမြင်နဲ့ ဖြေရှင်းရမယ်။ ကျွန်မတို့ နိုင်ငံကို အပြစ်မရှိတဲ့ နိုင်ငံ၊
အပြစ်မဲ့တဲ့ နိုင်ငံ၊ ကမ္ဘာက လေးစားတဲ့ နိုင်ငံဖြစ်အောင် ဘယ်လို လုပ်မလဲ၊
ဘယ်လို နေမလဲ၊ ဘယ်လိုထိုင်မလဲ။ ဘယ်လို ပြဿနာတွေကို ကိုင်တွယ်မလဲဆိုတာ
ကျွန်မတို့ ဆုံးဖြတ်ရလိမ့်မယ်။
ကိုယ့်နိုင်ငံ သိက္ခာရှိဖို့ဆိုတာ လူတိုင်း လူတိုင်းမှာ တာဝန်ရှိဖို့
လိုပါတယ်။ နိုင်ငံတစ်နိုင်ငံ သိက္ခာရှိဖို့ဆိုတာ လူတစ်ယောက်တည်းနဲ့ လည်း
မရဘူး။ အဖွဲ့အစည်းတစ်ခုတည်း လုပ်လို့လည်း မရဘူး။ အစိုးရချည်း လုပ်လို့လည်း
မရဘူး။ ပြည်သူလူထုအားလုံး ပါဝင်မှ ကျွန်မတို့ နိုင်ငံ သိက္ခာရှိအောင်
ကျွန်မတို့ လုပ်နိုင်မှာပါ။ ပြည်သူတွေနဲ့ သက်ဆိုင်တဲ့ အခါမှာ ပြည်သူတွေ
အကြိုက်ကို ကျွန်မ အမြဲလိုက်ပြီးတော့ လုပ်တာ မဟုတ်ပါဘူး။ ကျွန်မ
မှန်တဲ့အတိုင်းပဲ ပြောမယ်။ ပြည်သူတွေက မကြိုက်ရင်လည်း မကြိုက်ဘူးလို့
ပြောပိုင်ခွင့် ရှိတယ်။ ကြိုက်ရင်လည်း ကြိုက်တယ်လို့ ပြောပိုင်ခွင့်
ရှိတယ်။ ဒါပေမဲ့ ကျွန်မ သေသေချာချာ ကတိပေးနိုင်တယ်။ ကျွန်မ ပြည်သူတွေကို
လှည်ဖျားတဲ့ နိုင်ငံရေးမျိုး လုပ်လို့ မရဘူး။
နောက်ပြီးတော့ တစ်ခဏနာ ပေါ်ပြူလာ ဖြစ်ချင်လို့ လုပ်တဲ့ နိုင်ငံရေးမျိုးလည်း
ကျွန်မ မလုပ်ဘူး။ ကျွန်မတို့ နိုင်ငံရဲ့ ရေရှည်အကျိုးကို ကြည့်ပြီးတော့
ကျွန်မ လုပ်သွားမှာ။ ကျွန်မတို့ နိုင်ငံရဲ့ ရေရှည် အကျိုးကို ကြည့်ပြီးတော့
လုပ်တဲ့အခါမှာ ကျွန်မမှာ အားနည်းချက်တွေရှိလို့ ဆိုရင်လည်း ၀ိုင်းပြီးတော့
ပြုပြင်ပေးကြပါ။ ကျွန်မ လက်ခံဖို့ အဆင်သင့်ပါပဲ။ ဒါပေမဲ့ ကျွန်မတို့
ပြည်သူတွေကလည်း သေသေချာချာ စဉ်းစားပါ။ သဘောထားကြီးရမယ်။
ရေရှည်အမြင်ရှိရမယ်။ ကျွန်မတို့နိုင်ငံမှာ အဓိကလိုအပ်ချက်က
အမျိုးသားပြန်လည် ရင်ကြားစေ့ရေးပဲ။
အမျိုးသားပြန်လည်ရင်ကြားစေ့ရေးဆိုတာ ဘာလဲဆိုတော့
ဆယ်စုနှစ်ပေါင်းမြောက်မြားစွာ ကွာဟနေတဲ့ အသင်းအဖွဲ့တွေ၊
တိုင်းရင်းသားလူမျိုးတွေ၊ အုပ်စုတွေ စုစည်းပြီးတော့ နိုင်ငံ့အကျိုးအတွက်အတူ
စွမ်းဆောင်နိုင်ဖို့ကိစ္စဖြစ်ပါတယ်။ ဒီလိုလုပ်ဖို့ ဆိုလို့ရှိရင်
ကျွန်မတို့ ပြည်သူအားလုံးဟာ ရေရှည်အမြင်နဲ့လုပ်ဖို့ လိုပါတယ်။ အဲ့ဒီလို
ရေရှည်အမြင်နဲ့လုပ်မှ ကျွန်မတို့ အောင်မြင်နိုင်မှာပါ။ အခု
ဒီဒေသမှာဖြစ်နေတဲ့အခက်အခဲတွေကို ကျွန်မတို့နိုင်ငံ သိက္ခာရှိမယ့် ပုံစံနဲ့
ကျွန်မ ဖြေရှင်းချင်ပါတယ်။ အဲ့ဒီလို လုပ်တဲ့အခါ ပြည်သူတွေက
ဝိုင်းဝန်းပြီးတော့ ကူညီကြပါလို့ ကျွန်မ မေတ္တာရပ်ခံချင်ပါတယ်။
ဒီမိုကရေစီလမ်းကြောင်း လျှောက်တဲ့အခါမှာ ပြည်သူတွေက ပြည်သူတွေရဲ့
ထောက်ခံမှုမရဘဲနဲ့ ကျွန်မတို့ အောင်မြင်နိုင်မှာ မဟုတ်ပါဘူး။ နောက်ပြီးတော့
ပြည်သူတွေရဲ့ ထောက်ခံမှုဆိုတာ ပြည်သူအကြိုက် ရေတိုဆုံးဖြတ်ချက်လေးတွေ
ချပြီးတော့ အဲဒီလို ပြည်သူရဲ့ ထောက်ခံမှုတွေ ဒီလိုမမှန်မကန်တဲ့ နည်းတွေနဲ့
ပြည်သူလူထုရဲ့ ထောက်ခံမှုတွေကို ရမယ်ဆိုရင်လည်း ရေရှည်မှာ အကျိုးမရှိပါဘူး။
ကျွန်မစောစောကပြောသလိုပေါ့။ ပြည်သူတွေနဲ့ မှန်မှန်ကန်ကန်ဆက်ဆံမယ်။
ရိုးရိုးဖြောင့်ဖြောင့် ဆက်ဆံမယ်။
ကျွန်မရဲ့ဆုံးဖြတ်ချက်တွေ၊ ကျွန်မရဲ့ လုပ်တာကိုင်တာတွေကို ပြည်သူက
မကြိုက်ရင်လည်း မကြိုက်ဘူးလို့ ပြောနိုင်တယ်။ ကျွန်မရှင်းပြမယ်။
ကျွန်မတစ်ခုခုကို လုပ်တယ်ဆိုရင် ဘာဖြစ်လို့ လုပ်သလဲဆိုတာ ရှင်းပြမယ်။
အခုဒီဒေသမှာ ကြေးနီစီမံကိန်းနဲ့ ပါတ်သက်ပြီး ဖြစ်နေတဲ့ပြဿာနာဟာ
ကျွန်မကနေပြီးတော့ အေးအေးချမ်းချမ်းနဲ့ ပြေလည်သွားစေချင်တယ်။
ဒီလိုအေးအေးချမ်းချမ်းနဲ့ ပြေလည်တော့ ကျွန်မတို့ ပြည်သူတွေလည်း ဝမ်းသာတယ်။
နိုင်ငံလည်း သိက္ခာရှိတယ်။ ကျွန်မတို့ အနာဂတ်အတွက်လည်း
ကောင်းတဲ့ခြေလှမ်းဖြစ်တယ်။ အဲ့လိုရအောင် ကျွန်မကြိုးစားမယ်။
ကြိုးစားပေမယ့်လို့ အောင်မြင်မယ်၊ မအောင်မြင်မယ် ဆိုတာကတော့
ကျွန်မကနေပြီးတော့ ဘယ်လိုအာမခံချက်မှ မပေးနိုင်ဘူး။ ဒါပေမယ့် ပြည်သူကသာ
ကျွန်မနဲ့ လက်တွဲပြီးတော့ ပြေလည်မှုရှာမယ်ဆိုလို့ရှိရင်
အောင်မြင်နိုင်မယ်လို့ ကျွန်မယုံပါတယ်။
ဒီတော့ ကျွန်မက ပြည်သူကိုတစ်ခုပဲ တောင်းပန်ချင်ပါတယ်။ သေသေချာချာ
စိတ်ရှည်ရှည်နဲ့ ကျွန်မဘယ်လိုပဲ ဆုံးဖြတ် ဆုံးဖြတ်၊ ဆုံးဖြတ်ချက်တော့
မချသေးဘူးပေါ့နော်။ ဒါပေမယ့် ကျွန်မ တစ်ဖက်ကိုတော့ မေးကြည့်ပြီးပါပြီ။
လုပ်ငန်းရှင်တွေဘက်ကို တွေ့ပြီး သက်ဆိုင်ရာ ရွာသူရွာသားတွေနဲ့လည်း
တွေ့ချင်တယ်။ ကန့်ကွက်တဲ့ ပြည်သူတွေနဲ့လည်း တွေ့ချင်တယ်။ ဟိုဘက်ဒီဘက် အဖြေ
နှစ် ခုကို ကြည့်ပြီးတော့ တတ်နိုင်သလောက် ပြေလည်အောင်လို့ ကျွန်မ
ညှိပေးချင်တယ်။ အဲ့လို ညှိပေးတာကို ပြည်သူတွေက သဘောတူရဲ့လား။
ကျွန်မတို့ဆီက နိုင်ငံသားတွေက အေးအေးချမ်းချမ်းနေချင်တယ်ဆိုတာကို
ကျွန်မယုံကြည်တယ်။ ကျွန်မတို့ နိုင်ငံသူ နိုင်ငံသားတွေက အချင်းချင်းကြားမှာ
စေတနာ မေတ္တာနဲ့ပဲ နေချင်တယ်ဆိုတာ ကျွန်မယုံကြည်တယ်။ ဒါ လူသားတိုင်းက
ဒီလိုပါပဲ။ စေတနာမေတ္တာနဲ့ နေရတဲ့ ပတ်ဝန်းကျင်ဟာ အင်မတန်မှ အေးချမ်းပါတယ်။
ဒေါသတွေ ဟုန်းဟုန်းတောက်နေတဲ့ ပတ်ဝန်းကျင်ဆိုတာ မအေးချမ်းနိုင်ပါဘူး။
ဒါကြောင့် ကျွန်မတို့ရဲ့ နိုင်ငံကြီး အေးချမ်းဖို့ အတွက် ကျွန်မအစဉ်အမြဲပဲ
ပြန်လည်ရင်ကြားစေ့ရေးလမ်းကို ကျွန်မလျှောက်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ဒီလိုလျှောက်တဲ့အခါမှာ ကျွန်မနဲ့အတူ ပြည်သူပါလာမှ ကျွန်မလုပ်ငန်းတွေမှာ
အောင်မြင်နိုင်မှာပါ။
ဒါ့ကြောင့် ကျွန်မလမ်းမှာဆိုလို့ရှိရင် ပြည်သူတွေက ကြိုဆိုလေ့ရှိတယ်။
ကျွန်မ အင်မတန်မှ အားတက်တယ်။ အားတက်တယ်ဆိုတာ ကျွန်မကို ကျန်းမာပါစေလို့
ခေါ်နေလို့ မဟုတ်ဘူး။ အသက်ရာကျော်ရှည်ပါစေလို့ အော်နေလို့ မဟုတ်ဘူး။
တစ်ခါတစ်လေ စဉ်းစားမိတယ်။ အသက်ရာကျော်တောင် ရှည်ပါ့မလားပေါ့နော်။ ဒါပေမယ့်
ဘာပဲပြောပြော ပြည်သူရဲ့ ထောက်ခံမှု ရှိရင်တော့ ကျွန်မတို့ လုပ်ငန်းတွေဟာ
အောင်ခြေအများကြီှးရှိတယ်ဆိုတာ ကျွန်မအားတက်ရပါတယ်။
အဲဒီတော့ ခက်ခဲတဲ့အချိန်မှာ မိတ်ဆွေကောင်းဆိုတာ လွယ်ကူတဲ့အချိန် မဟုတ်ဘူး။
ကိုယ့်ဘက်ကနေပြီးတော့ ရပ်တည်ပေးတဲ့ အရာဟာ မိတ်ဆွေကောင်းပဲ။ ကျွန်မရဲ့
ပြည်သူတွေဟာ ကျွန်မရဲ့ မိတ်ဆွေကောင်းတွေ ဖြစ်စေချင်ပါတယ်။
ဖြစ်စေချင်တယ်လို့ ကျွန်မရိုးရိုးပဲ ပြောပါရစေ။ ကျွန်မအနေနဲ့လည်း
ကျွန်မတို့ပြည်သူတွေအတွက် မိတ်ဆွေကောင်း ဖြစ်ချင်ပါတယ်။
ခက်ခဲတဲ့အချိန်မှာလည်း ရပ်တည်မယ်။ နောက်တစ်ခုက မိတ်ဆွေကောင်းဆိုတာ
မှန်မှန်ကန်ကန် ပွင့်ပွင့်လင်းလင်း ဆက်ဆံရတယ်။ ပြောဆိုရတယ်။
ကိုယ့်အကြိုက်ကို လိုက်လိုက်ပြောတဲ့သူဟာ မိတ်ဆွေကောင်းလို့ မထင်နဲ့နော်။
မှားလိမ့်မယ်။ ဘယ်တော့မဆို ကိုယ့်အကြိုက်ကို လိုက်ပြီးပြောတာဟာ
မိတ်ဆွေကောင်းများရဲ့ အလုပ်မဟုတ်ဘူး။ တစ်ကယ့်မိတ်ဆွေကောင်းဆိုတာ
ကိုယ့်ရဲ့ကောင်းကျိုးကို ရှေ့ရှုပြီးတော့ ပြောသင့်ပြောထိုက်တာကို ပြောမယ်။
ထောက်ပြသင့်တာကို ထောက်ပြမယ်။ အဲဒါမဟုတ်ဘူးလား။ ကျွန်မတို့ဟာ
တစ်ဦးနဲ့တစ်ဦး ကျွန်မနဲ့ ပြည်သူကြာမှာ တစ်ကယ့်ကို ကောင်းမြတ်တဲ့
မိတ်ဆွေကောင်းတွေ ဆက်ဆံမှုတစ်ခု ဖြစ်စေချင်ပါတယ်။
အဲဒါကြောင့် တတ်နိုင်သလောက် ကျွန်မက ပြည်သူတွေနဲ့ တွေ့တယ်။
ပြောဆိုတယ်ဆိုတာဟာ ပြည်သူတွေနဲ့ ကျွန်မရဲ့ကြားမှာ နားလည်မှုတွေ
တည်ဆောက်နိုင်အောင်လို့၊ ကျွန်မတို့ကြားမှာ ကောင်းမွန်တဲ့ သံယောဇဉ်တွေ
တည်ဆောက်နိုင်အောင်လို့ ကျွန်မတွေ့ဆုံတာပါ။ တစ်ကယ်လို့ တစ်ယောက်ချင်း
တစ်ယောက်ချင်း တွေ့နိုင်ရင် ပိုကောင်းတာပေါ့။ ဒါပေမယ့် သန်း ၆၀ ကို
ဘယ့်နှယ့်လုပ်သွားလို့ရမှာလဲ။ သိန်း ၆၀ ကို တစ်ယောက်ချင်း တစ်ယောက်ချင်း
မတွေ့နိုင်တဲ့အခါကျတော့ ဒီလိုပဲ အစုလိုက်တွေ့ရတာပဲ။ ဒီလိုတွေ့ရတိုင်းလည်း
ကျွန်မဝမ်းသာပါတယ်။
တစ်ခါတစ်လေ ခရီးသွားရင် စိတ်ဆိုးရတာတွေ အများကြီးရှိတယ်။
ပြည်သူတွေမဟုတ်ပါဘူး။ ကျွန်မတို့ အဖွဲ့တွေ လုပ်ပုံကိုင်ပုံမဟုတ်လို့။
ဒါပေမယ့် အဲ့လို စိတ်ဆိုးရတဲ့အခါတောင်မှ ပြည်သူတွေက ပြုံးပြုံးရွှင်ရွှင်နဲ့
ကျွန်မကို ကြိုဆိုတဲ့အခါ စိတ်ဆိုးတာတွေ ပြေရပါတယ်လို့ ပြောပြချင်တယ်။
ဒါကြောင့် ကျေးဇူးတင်ပါတယ်လို့။
အခုတော်တော်လေး မှောင်နေပြီဆိုတော့ နောက်ဆုံးအနေနဲ့
ကျွန်မတောင်းပန်ချင်တာရှိတယ်။ ဒီလိုမှောင်တဲ့အထိ စောင့်ရအောင်လို့
လုပ်ခဲ့တာကို ကျွန်မတောင်းပန်ပါတယ်။ အဲဒါဘာဖြစ်လို့လဲဆိုတော့။ နံနက်တုန်းက
မန္တလေးကနေ မုံရွာကိုလာတော့။ မုံရွာက ပြည်သူလူထုက အင်မတန်မှ
သောင်းသောင်းဖျဖျ ကြိုဆိုတယ်။ တော်တော့ကို နောက်ကျသွားတယ်။ လမ်းမှာ
ဖြေးဖြေးလေးပဲသွားဖြစ်တယ်။ အဲ့ဒါကြောင့် ကျွန်မဒီမှာ အရောက်နောက်ကျတယ်။
နောက်ကျတော့ လမ်းမှာ ကြိုဆိုတဲ့ ရွာသူရွာသားတွေကို ကျွန်မကောင်းကောင်း
မနှုတ်ဆက်နိုင်ခဲ့ဘူး။ ဟိုဘက်က အလုပ်ချိန်းထားတာကို နောက်ကျမှာဆိုးလို့။
အဲ့ဒါကြောင့် လမ်းမှာ မနှုတ်ဆက်ခဲ့ရတဲ့ ရွာသူရွာသားတွေကို တောင်းပန်ပါတယ်။
အခုလို မှောင်တဲ့အထိ စောင့်ရတဲ့ ဒီကိုရောက်နေတဲ့ ပြည်သူအားလုံးကိုလည်း
တောင်းပန်ပါတယ်လို့ ပြောပါရစေ။
နောင်ဆိုလို့ရှိရင်လည်း ကျွန်မတို့ အများကြီး အတူတူလုပ်ရဦးမယ်။ ဒီလို
မျက်နှာချင်းဆိုင် မတွေ့နိုင်သည့်တိုင်အောင် ကျွန်မတို့နိုင်ငံ
ကောင်းကျိုးအတွက်ဆိုတာ ကျွန်မတို့ အားလုံးအတူလုပ်ရမှာပဲ။ အဝေးက
ဆက်သွယ်မှုနဲ့ ကျွန်မတို့ လုပ်သွားရမှာပဲ။ တစ်ချို့ကျတော့လည်း ကျွန်မရဲ့
ရှေးရေစက်အရ ပြန်ပြီးတော့ နီးနီးကပ်ကပ် ပြန်တွေ့ရတဲ့ လူတွေလည်း ရှိမှာပါ။
ဒီလိုနီးနီးကပ်ကပ် ပြန်ပြီးတော့ မဆုံနိုင်ဘူးဆိုရင်တောင် ဒီလို
တစ်ချိန်တစ်ခါမှာ ကျွန်မတို့ဟာ အတူတူ နိုင်ငံရဲ့ ပြဿာနာကြီးအတွက်
စဉ်းစားပိုင်ခွင့် အတူတူထိုင်ပြီးတော့ တစ်ယောက်နဲ့ တစ်ယောက်
မျက်နှာချင်းဆိုင်ခွင့် ရတာကိုလည်း ကျွန်မရင်ထဲ အမြဲမှတ်သားထားပါတယ်။
ကျွန်မရင်ထဲမှာ ထိန်းသိမ်းထားပါမယ်လို့ ပြောရင်း နိဂုံးချုပ်ပါတယ်။
eleven media group

0 comments:
Post a Comment