Pages

Wednesday, November 28, 2012

လက်ပံတောင်း စီမံကိန်းဧရိယာအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ပိတ်ဆို့ထားသဖြင့် ဒဏ်ရာရှိသူများကို ကယ်ဆယ်ရေး အခက်ကြုံ

လက်ပံတောင်း စီမံကိန်းဧရိယာ
အတွင်း၌ရှိသော သပိတ်စခန်းများ
အား ယနေ့နံနက် ၃ နာရီတွင်
ရဲတပ်ဖွဲ့ဝင်များက အင်အား



သုံးဖြိုခွင်းခဲ့ သဖြင့် ဒဏ်ရာရရှိခဲ့သူ အများအပြားရှိခဲ့ရာ နံနက် ၁၀ နာရီအချိန်အထိ ဒဏ်ရာရရှိသူ အများစုသည် အနီးပတ်ဝန်းကျင် ကျေးရွာများတွင် ပုန်းအောင်းနေရဆဲဖြစ်ပြီး ဆေးကုသမှုခံယူရန် အရေးတကြီး လိုအပ်နေကြောင်း သတင်းရရှိပါသည်။


နံနက် ၃ နာရီအချိန်တွင် ရဲတပ်ဖွဲ့ဝင်များသည် မီးသတ်ပိုက်များဖြင့်စတင်ရှင်းလင်းခဲ့ပြီး လူစုမကွဲဘဲကျန်ရှိနေသူများအား မီးလောင်ဗုံးများဖြင့် နှိမ်နင်းခဲ့ကြောင်း အဆိုပါဒေသတွင် ရောက်ရှိနေသော Eleven Media Group  သတင်းထောက်၏ သတင်းပေးပို့ချက်အရ သိရသည်။ မီးလောင်ဗုံးဖြင့် နှိမ်နင်းခြင်းကြောင့် သံဃာတော်အများအပြား မီးလောင်ဒဏ်ရာ ရရှိသွားခဲ့ကြောင်း သိရသည်။


“ သပိတ်စခန်းတွေမှာရှိတဲ့ သံဃာတွေ အတော်များများ မီးလောင်ခံရပါတယ်။ အနီးပတ်ဝန်းကျင်က ရွာတွေဆီ ပြေးလွှားတမ်းရှောင်ရင်း ဖြစ်သလို ဆေမြီးတိုနဲ့ကုသနေရတာ များပါတယ်။

 လူမှုရေးအဖွဲ့တွေ အကူအညီနဲ့ မုံရွာဆေးရုံကို သံဃာအပါး အစိတ်လောက် ရောက်သွားပါပြီ။ အခုလုံခြုံရေးတွေက စီမံကိန်းဧရိယာ တစ်ခုလုံးမှာရှိတဲ့ လမ်းတွေကိုပိတ်ထားလို့ ပိတ်မိနေကြတယ်။

လူမှုရေးအဖွဲ့အစည်းတွေက ကားတွေကိုလည်း ၀င်ခွင့်မပေးတော့ဘူး။ အခုနောက်ဆုံးကြားရတာကတော့ သံဃာတော် ၆ ပါး ပျံတော်မူသွားပြီလို့ ကြားရပါတယ်။ လမ်းတွေကပိတ်ထားတဲ့အ တွက် အပြင်ထွက်ပြီး အတည်ပြုချက်ရဖို့ ခက်နေပါတယ်”ဟု EMG သတင်းထောက်က ပြောပါသည်။

Eleven Media Group အနေဖြင့် လက်ပံတောင်းတောင် စီမံကိန်း ဧရိယာအတွင်း လုပ်ဆောင်နေသည့် လုံခြုံရေးအစီအမံများနှင့် ပတ်သက်ပြီး တာဝန်ရှိသူများအား ဆက်သွယ်မေးမြန်းခဲ့ရာတွင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၊ မုံရွာစီမံကိန်း တာဝန်ခံဦးမြင့်အောင်က “ကျွန်တော်တို့ လက်ပံတောင်းတောင်စီမံကိန်း တစ်ဝိုက်လုံခြုံရေးက တိုင်းရဲတပ်ဖွဲ့မှူး အစီအစဉ်၊ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အစီအစဉ်တွေနဲ့ လုံခြုံရေး ရယူထားပါတယ်။ မနေ့ည(နိုဝင်ဘာလ ၂၈ရက်နေ့ည)က ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်ကို အသေးစိတ် မသိရှိပါဘူး။

 ကျွန်တော်တို့ ဒီနေ့(နိုဝင်ဘာလ ၂၉ ရက်နေ့)မှာ ဒေါ်အောင်ဆန်းစုကြည် လာရောက်ဖို့ရှိတဲ့အတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားပါတယ်။

ကျွန်တော်တို့အနေနဲ့ တောင်းဆိုသူတွေရဲ့ လိုအပ်ချက် ကို တရားဝင်စာနဲ့ တောင်းဆိုပါ။ လူကိုယ်တိုင်လည်း လာရောက်ညှိနှိုင်းလို့ ရပါတယ်။

 တောင်းဆိုမှုတွေအတွက် ညှိနှိုင်းပြီး အမျှတဆုံး ဖြစ်အောင် ဆောင်ရွက်ပေးဖို့ ရှိပါတယ်”ဟု ပြောကြားခဲ့သည်။

Eleven Media group

No comments:

0 comments:

Post a Comment

 

Blogger news

Blogroll

About