Pages

Sunday, November 4, 2012

သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနှင့် ဒီမိုကရေစီ မိတ်ဆွေပါတီများ ငြိမ်းချမ်းရေးနှင့် ရခိုင်အရေးကိစ္စများ တွေ့ဆုံဆွေးနွေး PDF Print
Sunday, 04 November 2012 23:38
AddThis Social Bookmark Button
သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် ဒီမိုကရေစီ မိတ်ဆွေပါတီများ နိုဝင်ဘာ ၃ ရက် နေ့က ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ Peace Center တွင် တွေ့ဆုံကာ ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စများနှင့် ရခိုင်အရေး ကိစ္စများကို တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ယင်းတွေ့ဆုံပွဲတွင် တိုင်းရင်းသားများ တောင်းဆိုနေသော ဖက်ဒရယ်မူကိစ္စ၊ ပြည်နယ်များအပြင် တိုင်းဒေသကြီး အစိုးရများသို့ ပါဝါခွဲဝေပေးရေး၊ ဒေသသယံဇာတများမှ အကျိုးအမြတ်များကို ပြန်လည်ခွဲဝေပေးရေး၊ ရခိုင်ပြည်နယ်အရေးနှင့် အခြားတိုင်းရင်းသား အရေးကိစ္စများ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဝန်ကြီးဦးအောင်မင်းက ဆွေးနွေးခဲ့ရာတွင် ဖက်ဒရယ်ဆိုသည်မှာ အုပ်ချုပ်ရေးအာဏာအချို့ကို ဗဟိုကကိုင်ပြီး အချို့ကို ပြည်နယ်က ကိုင်သည်ဟု Oxford Dictionary တွင် အဓိပ္ပါယ် ဖွင့်ဆိုထားကြောင်း၊ ယင်းမှာ Powersharing ပင်ဖြစ်ကြောင်း၊ ဆိုလိုသည်မှာ ရှမ်းပြည်နယ်ကို ရှမ်းကအုပ်ချုပ်ရမည်၊ ကရင်ပြည်နယ်ကို ကရင်အုပ်ချုပ်ရမည်ဖြစ်ပြီး အခြေခံဥပဒေနှင့် ညီရမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မကြိုက်ပါက ပြင်နိုင်သည့် အခြေအနေ ပေးထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဒီဇင်ဘာလ ၃၁ ရက်နေ့ မတိုင်ခင် နိုင်ငံရေးဆွေးနွေးပွဲတွေကို မဖြစ်မနေလုပ်ပါ့မယ်လို့ ပြောထားပြီးသားပါ။  ကချင်အဖွဲ့တွေ အပစ်အခတ်ရပ်စဲရေး မလုပ်ထားဘူး ဆိုရင်တောင် ဆွေးနွေးပွဲကို ချီတက်လာလို့ရတယ်...
''Powersharing မှာ ရှမ်းပြည်နယ်ကို ရှမ်းတွေအုပ်ချုပ်ရမယ်လို့ ပြောတဲ့အခါမှာ ပါတီတော့ ထောင်ရမှာပေါ့။ ပြီးရင် ရွေးကောက်ပွဲဝင်ပြီး အဲဒီမှာရှိတဲ့ ပြည်သူလူထုက ရွေးချယ်တင်မြှောက်တဲ့အခါမှ လုပ်ပိုင်ခွင့်ရမှာပေါ့။ အဲဒီတော့ ရှမ်းပြည်နယ်ကို ရှမ်းတွေအုပ်ချုပ်ရမယ်ဆိုတာ ဒီအတိုင်း သူတို့လက်ထဲကို အာဏာပေးလိုက်လို့ မရဘူး။ ပြည်သူလူထုက ရွေးချယ်တင်မြှောက်မှ အုပ်ချုပ်ရေးအာဏာ၊ ပြည်သူလူထုရဲ့အာဏာကို သူတို့ရပါမယ်။ ဒါကြောင့် Powersharing ကို မကြောက်ဘူး။ ဖက်ဒရယ်ဆိုတာကို လည်းမကြောက်ဘူး'' ဟု ဦးအောင်မင်းက ပြောကြားခဲ့သည်။
ငြိမ်းချမ်းရေး ဆွေးနွေးမှုများနှင့် ပတ်သက်၍ ရှင်းလင်းရာတွင် ငြိမ်းချမ်းရေးအဖွဲ့များနှင့် တွေ့သည့်အခါ ကတိ သုံးခုတောင်းကြောင်း၊ နိုင်ငံတော်မှ လုံးဝခွဲမထွက်ရေး၊ ဒို့တာဝန် အရေးသုံးပါးကို စောင့်ရှောက်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုက်နာရေးများဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို မကြိုက်ပါက နောက်မှပြင်ရမည်ဖြစ်ကြောင်း၊ ဖက်ဒရယ်ကိစ္စတွင်လည်း အားလုံးဒီအတိုင်း ခံယူလာအောင် ကြိုးစားနေကြောင်း၊ ယင်းအချက်များကို လက်ခံလာပါက နောက်ပိုင်းတွင် ခက်စရာအကြောင်းမရှိတော့ကြောင်း ဦးအောင်မင်းက ဆိုပါသည်။
'' တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးလုပ်တဲ့အခါမှာ ဒီဇင်ဘာလ ၃၁ ရက်နေ့ မတိုင်ခင် နိုင်ငံရေးဆွေးနွေးပွဲတွေကို မဖြစ်မနေလုပ်ပါ့မယ်လို့ ပြောထားပြီးသားပါ။  ကချင်အဖွဲ့တွေ အပစ်အခတ်ရပ်စဲရေး မလုပ်ထားဘူး ဆိုရင်တောင် ဆွေးနွေးပွဲကို ချီတက်လာလို့ရတယ်။ နောက်ဆုံးဆွေးနွေးပွဲမှာ အပစ်အခတ်ရပ်စဲသည် ဖြစ်စေ၊ မရပ်စဲသည်ဖြစ်စေ နိုင်ငံရေးဆွေးနွေးပွဲကို တက်လာခဲ့ပါလို့ ပြောခဲ့ပါတယ်'' ဟု ၀န်ကြီး ဦးအောင်မင်းက ရှင်းလင်းပြောကြားခဲ့ပါသည်။

0 comments:

Post a Comment

 

Blogger news

Blogroll

About